လိုက်နာရန်စည်းကမ်းများ

  • ရိပ်သာရှိ ယောဂီအားလုံးသည် ပိဋိကတ်သုံးပုံ၌ ဖော်ပြထားသည့် မြတ်စွာဘုရား သင်ကြားခဲ့သော တရားလမ်းစဉ်ကို ကမ္မဋ္ဌာန်းဆရာတော်များ၏ ညွှန်ကြားချက်အတိုင်း လေ့ကျင့်ရမည်ဖြစ်သည်။
  • ထေရဝါဒ ရဟန်းတော်များအတွက် ပါတိမောက်လာဝိနည်း ၂၂၇ ပါး၊ သာမဏေများအတွက် ၁၀ ပါးသီလနှင့် သိက္ခာပုဒ် ၇၅ ပါးကို စောင့်ထိန်းးရပါမည်။ သီလရှင်ဆရာလေးများသည် ဆယ်ပါးသီလကို စောင့်ထိန်းရမည်ဖြစ်ပြီး ဒကာ၊ ဒကာမများအားလုံးသည် ရှစ်ပါးသီလကို စောင့်ထိန်းရန် လိုအပ်ပါသည်။
  • တိတ်ဆိတ်ခြင်းသည် အာရုံစူးစိုက်မှုရရန် အရေးကြီးသော အထောက်အကူဖြစ်သဖြင့် ယောဂီသည် ရိပ်သာပရ၀ုဏ်အတွင်းတွင် တိတ်ဆိတ်မှုကို စောင့်ထိန်းရန် လိုအပ်ပါသည်။ တရားထိုင်နေသော ယောဂီများ စိတ်အနှောင့်အယှက်မဖြစ်စေရန် တရားထိုင်ခန်းမနှင့် ၎င်း၏ အနီးပတ်ဝန်းကျင်တွင် ဖုန်းအသုံးပြုခြင်းကို တားမြစ်ထားပါသည်။
  • ယောဂီအားလုံးသည် နေ့စဥ်လုပ်ဆောင်ရမည့် အချိန်ဇယားအရ (အသေးစိတ် သိရှိလိုပါက နေ့စဉ်အချိန်ဇယားတွင် ဖတ်ရှုနိုင်သည်) နံနက် ၄း၀၀ နာရီမှ စတင်တရားထိုင်၍ ည ၈း၃၀ နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။ ယောဂီအားလုံးသည် သက်ဆိုင်ရာ တရားထိုင်ခန်းမတွင် စုပေါင်းတရားထိုင်ရမည်ဖြစ်သည်။ နံနက် ၃း၃၀ မိနစ်တွင် အုန်းမောင်းတီး၍ အိပ်ရာထရန် အချက်ပေးမည်ဖြစ်ပြီး တရားထိုင်ချိန်တိုင်း၏ အစနှင့် အဆုံးတို့တွင် ကြေးစည်တီး၍ အချက်ပေးမည်။
  • သက်သတ်လွတ် အစားအစာ နှစ်နပ်၊ နံနက်စာ နှင့် နေ့လယ်စာကို ကျွေးမွေးမည်ဖြစ်ပါသည်။
  • ယောဂီအားလုံးသည် သင့်လျော်သည့်အဝတ်အစားကို သပ်ရပ်စွာ ၀တ်ဆင်ရမည်ဖြစ်ပြီး၊ သက်တောင့်သက်သာရှိပြီး ပေါ့ပါးသော အဝတ်အစားများကိုသာ ၀တ်ဆင်ရန် အကြံပြုပါသည်။ ဘောင်းဘီတို/စကတ်တိုများ၊ လက်ပြတ်အင်္ကျီများ၊ စွပ်ကျယ်များ၊ ပါးလွှာ၍ ဖောက်ထွင်းမြင်ရသောအဝတ်အစားများ၊ ရောင်စုံအဝတ်အစားများနှင့် အခြားမသင့်လျော်သော အဝတ်အစားများကို ၀တ်ဆင်ခြင်း ခွင့်မပြုပါ။
  • ယောဂီတိုင်းသည် မိမိရည်ရွယ်ထားသည့် ကာလအတွင်း ရိပ်သာတွင် ရှိရမည်ဖြစ်ပြီး စည်းကမ်းများအားလုံးကို လိုက်နာရန် လိုအပ်ပါသည်။ အဆိုပါကာလအတွင်းတွင် အကြောင်းတစ်စုံတစ်ရာကြောင့် ရိပ်သာပြင်ပသို့ ခဏတာထွက်ခွာလိုပါက အဆောင်မှူးမှ တဆင့် တရားပြဆရာတော်၏ ခွင့်ပြုချက်ဖြင့်သာ ထွက်ခွာခွင့်ပြုပါမည်။
  • အကယ်၍ ယောဂီသည် အရေးပေါ်အခြေအနေကြောင့် ရိပ်သာမှ အပြီးထွက်ခွာလိုပါက တရားပြဆရာတော်ထံမှ ခွင့်ပြုချက်ရယူရန် အဆောင်မှူးမှတဆင့် အကြောင်းကြားရမည်ဖြစ်သည်။
  • မိမိသတ်မှတ်ထားသော ရိပ်သာဝင်ကာလ ပြီးဆုံးသည့်အခါ အဆောင်မှူးထံ အကြောင်းကြားရမည်ဖြစ်ပြီး အခန်းသော့မအပ်မှီ မိမိကိုယ်ပိုင်ပစ္စည်းများ အခန်းတွင်းကျန်နေခြင်းမရှိစေရန် စစ်ဆေးပေးပါရန်။
  • ကျေးဇူးပြု၍ အဖိုးတန်ပစ္စည်းများ (ကားနှင့် လက်ဝတ်လက်စားအပါအဝင်) ရိပ်သာသို့ မယူဆောင်လာပါနှင့်။ မတော်တဆပျက်စီးမှု သို့မဟုတ် ပျောက်ဆုံးမှု ဖြစ်ပွားသည့်အခါ ရိပ်သာမှ တာဝန်မယူပါ။
  • စည်းမျဥ်းစည်းကမ်းများကို မလိုက်နာပါက ယောဂီအား တရားအားထုတ်မှုမှ ရပ်စဲပြီး ရိပ်သာမှ ထွက်သွားသည်အထိ အရေးယူနိုင်ပါသည်။


 တရားထိုင်ခန်းမ 

  • တရားထိုင်ချိန်တိုင်းတွင် စတင်ချိန်မတိုင်မီ ၁၀ မိနစ်အလိုတွင် ကြေးစည်တီး၍ ကြိုတင် အသိပေးမည်ဖြစ်သည်။
  • ယောဂီများသည် မိမိတို့၏ သတ်မှတ်ထားသော နေရာတွင် ထိုင်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ နေရာပြောင်းခြင်းမှ ရှောင်ကြဉ်ရမည်။
  • တရားထိုင်ခန်းမတွင် ဆူညံသံဖြစ်စေနိုင်သော ပစ္စည်းများ (ဥပမာ - ပလပ်စတစ်အိတ်များ) ယူဆောင်မလာရ၊ အသံမည်သော နာရီများကို အသုံးမပြုရ။ ထို့အပြင် ခန်းမအတွင်း အနံ့ပြင်းသော လိမ်းဆေးများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
  • တရားခန်းမသို့ ဝင်ထွက်သည့်အခါ၊ မိမိနေရာသို့သွားစဉ်အခါ နှင့် အခြားလှုပ်ရှားမှုများ ပြုလုပ်ရာတွင် အသံမထွက်အောင် ဖြည်းဖြည်းလှုပ်ရှားပါ။ ကျေးဇူးပြုပြီး တခြားယောဂီတွေကို စာနာပေးပါ။ အထူးသဖြင့် တိတ်ဆိတ်မှုသည် တရားထိုင်ချိန်အတွင်းသာမက တရားထိုင်ချိန်ပြီးသော်လည်း တရားထိုင်သူအချို့ ဆက်လက်တရားအားထုတ်မှု ရှိနိုင်သောကြောင့် အချိန်တိုင်း ဂရုစိုက်၍ ပြုမူပါ။
  • ယောဂီသည် ကမ္မဋ္ဌာန်းဆရာ‌တော်၏ ညွှန်ကြားချက်အတိုင်းသာ တရားကျင့်ရမည်။ မိမိတရားတိုးတက်မှုကို အခြားယောဂီများနှင့် မဆွေးနွေးပါနှင့်။ တရားကျင့်စဉ်နှင့်ပတ်သက်သော မေးခွန်းများရှိပါက မိမိ၏ ကမ္မဋ္ဌာန်းဆရာတော်ထံတွင်သာ မေးလျှောက်ပါ။
  • ကျန်းမာရေးအခြေအနေကြောင့် ကြမ်းပြင်တွင် ကြာကြာမထိုင်နိုင်သော ယောဂီများသည် တရားခန်းမအနောက်ဘက်ရှိ ထိုင်ခုံများတွင် ထိုင်ခွင့်ပြုပါသည်။ တရားခန်းမတွင် လမ်းလျှောက်တရားမှတ်ခြင်း မပြုရပါ။
  • နာမကျန်းဖြစ်နေသည့် ယောဂီသည် တရားအားထုတ်ချိန်အတွင်း အိပ်ဆောင်၌ အနားယူလိုပါက အဆောင်မှူးထံမှ ခွင့်ပြုချက်ရယူရမည်။



ကမ္မဋ္ဌာန်းဆရာတော်ထံ တရားလျှောက်လျှင်

  • ယောဂီများအားလုံးသည် ကမ္မဋ္ဌာန်းဆရာတော်ထံ ပုံမှန်ချိန် (သို့) ဆရာတော်မှ သတ်မှတ်ထားသော အချိန်တွင် တရားလျှောက်ရမည်။
  • တရားလျှောက်ရာတွင် တစ်ဦးလျင် ၃-၅ မိနစ်ခန့်သာ ကြာသဖြင့် မလျှောက်မီ မိမိအတွေ့အကြုံကို ထင်ဟပ်စေမည့် အချက်များကို တိုတိုနှင့် လိုရင်းကိုသာ ပြင်ဆင်ပြီး လျှောက်တင်ပါရန်။
  •  မိမိမေးလျှောက်လိုသည်များကို အတိုချုံးပြီး အမှတ်ရနေပါစေ။ မေးလျှောက်ရာတွင် အချိန်ကိုလည်း သတိပြုပြီး မိမိ၏ လက်ရှိကမ္မဋ္ဌာန်း အတွေ့အကြုံကို ရိုးသားစွာ ဖော်ပြပါ။ သို့မှသာ အခြားယောဂီများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း သို့မဟုတ် ၎င်းတို့၏ အလှည့်ကို ဆုံးရှုံးရခြင်း မရှိစေရန်။
  • မိမိအလှည့်မေးလျှောက်ပြီးလျှင် အခြားယောဂီများ မေးလျှောက်နိုင်စေရန် နေရာဖယ်ပေးပါရန်။


ထမင်းစားခန်းမ

  • ဆွမ်းတန်းစီရာတွင် ယောဂီဝတ်စုံဝတ်ပြီး အသက်ကြီးစဉ်ငယ်လိုက်စီ၍ စည်းကမ်းရှိရှိဖြင့်  တန်းစီစောင့်ဆိုင်းပါရန်။
  • ယောဂီများ ဆွမ်းမသုံးဆောင်မီ အလှူရှင်အား မေတ္တာပို့ပြီး ဆွမ်းဆင်ခြင်၍ သုံးဆောင်ပါရန်။
  • ထမင်းစားခန်းမ၌ အမျိုးသားယောဂီများနှင့် အမျိုးသမီးယောဂီများ သီးသန့်စီ သတ်မှတ်ထားသောနေရာတွင် ထိုင်ပါရန်။
  • ဆွမ်းစားပြီးနောက် မိမိ၏ ပန်းကန်၊ ခွက်စသည့် အသုံးအဆောင်များကို ဆေးကြောသန့်စင်ပါရန်။


အိပ်ဆောင်

  • ယောဂီများသည် မိမိတို့အိပ်ဆောင်/အခန်းနှင့် အနီးအနားရှိ စင်္ကြံတို့ကို သန့်ရှင်းအောင် ထိန်းသိမ်းရန် လိုအပ်ပါသည်။ 
  • တိတ်ဆိတ်ခြင်းကို ဂရုပြုပါ။ယောဂီအချင်းချင်း စကားစမြည်ပြောခြင်းနှင့် ဆွေးနွေးခြင်းမှ ရှောင်ကြဉ်ပါ။
  • တရားထိုင်ချိန်တွင် ခွင့်ပြုချက်ရထားသော နာမကျန်းသူမှအပ အခန်းထဲတွင် မရှိရ။
  • အခန်းမှ နောက်ဆုံးထွက်သူသည် လျှပ်စစ်မီးများ၊ ပန်ကာ(သို့ )လေအေးပေးစက်ကို ပိတ်ပြီးမှ ထွက်ပါရန်။


အိမ်သာနှင့် ရေချိုးခန်း

  • အိမ်သာအသုံးပြုရာတွင် အချိန်ကြာမြင့်စွာ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ မိမိကြောင့် အခြားသူများ အချိန်ကြာမြင့်စွာ စောင့်ရခြင်းမရှိစေရန် ဂရုပြုပါ။
  • မိမိနောက်အသုံးပြုမည့်သူ အဆင်ပြေစေရန်အတွက် အိမ်သာအသုံးပြုပြီးတိုင်း သန့်ရှင်းရေး ပြုလုပ်ပါ။
  • ရေကို လျှော့သုံးပါ။ ရေချိုးရာတွင် အချိန်ကြာမြင့်စွာ မချိုးပါနှင့်။
  • ည ၉း၀၀ နာရီနောက်ပိုင်းတွင် ရေချိုးခြင်းနှင့် အဝတ်လျှော်ခြင်း မပြုရ။ ည ၁၀:၀၀ နာရီတွင် မီးပိတ်ပါမည်။